Thursday, December 3, 2009

နှုတ်ဆက်ချိန်


ဝေးဖို့ ...
သခင် သွားစေညွှန်းလို့
နှုတ်ဆက်ကြပါစို့ကွယ်။

စေ့ထားတဲ့
နှုတ်ခမ်းအစုံမှာ..
မပြောဖြစ်တဲ့
စကားတွေ ရှိနေပါလိမ့်မယ်..။

အေးစက်ဆဲ
နှလုံးသားနှင့်
သိမ်းထားစေတော့..
ဆောင်းညနဲ့အတူ
အေးခဲနေမပေါ့..။

မဆုံဖြစ်တဲ့
မျက်ဝန်းအစုံမှာ
သိမ်းထားတဲ့
အကြင်နာရိပ်တွေ ရှိနေပါလိမ့်မယ်..။

တန်ဖိုးမဲ့ အမှိုက်လို
လမ်းမထက်
ပြိုပျက်ကျစေတော့
လေပြင်းက
ရှင်းလင်းသွားပေမပေါ့။

အစကတည်းက
ဆုံးပြီးသား ဇာတ်ညွန်းမို့
ဘာဆိုဘာမှ ပိုင်ဆိုင်ဖို့ မရှိခဲ့သူလေ..

တကယ်ဆို..

သတိရခြင်းတွေလောက်တော့
ပိုင်ဆိုင်ခွင့်ရချင်သေးတယ်..။

အလွမ်းပြေ ( ၃.၁၂.၀၉)



Tuesday, November 24, 2009

လွမ်းတဲ့ည



သံစဉ်တွေ ဆွံ့အ.
ကြယ်ရောင်တွေ မှုန်ဝါး..
မှောင်ရိပ်တွေဆီ..
တဖြည်း...ဖြည်း..
ခြောက်ကပ်..နာကျင်စွာ..
ရင်ခုန်ခြင်း..
အင်းအားမဲ့စွာ.
နှေး..နှေးလာ..
ရင်ခုန်သံ..
တိုး..တိုး..သွား..
မျှော်လင့်ခြင်း..
ဝေး..ကွာ...
ရင်တစ်လုံး..
တိုးတိတ်စွာ..
ကွဲအက်ကြေမွ...။

အလွမ်းပြေ ( ၂၄.၁၁.၀၉)

Wednesday, November 11, 2009

အိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်..တဲ့.. ကျမကြိုက်တဲ့ ဒီရာမိုရ်ရဲ့ အိမ် ဆိုတဲ့ သီချင်းလေးထဲက စာသားလေးပါ…

ဒီနေ့ညနေ မြန်မာထမင်းဆိုင်မှာ ထမင်းသွားစားရင်း .. ဆိုင်က အမတွေ .. အစ်ကိုတွေ.. သူငယ်ချင်းတွေနဲ့ အတူတူ.. လွင်မိုး၊ ဦးကင်း၊ ဦးဖြူ တို့ ပါတဲ့ “ သုံးဗုံ တစ်ဗုံ” ပြဇာတ် အတူ ကြည့်ဖြစ်ကြတယ်..

အတူတူ ပါးစပ်မပိတ်အောင် ရယ်ကြရတာ .. အူတက်မတတ်ပါပဲ ..

ရယ်နေရင်း ကျမ စိတ်ထဲမှာ အိမ်ပြန်ရောက်သွားသလိုပဲ..

အိမ်မှာဆို အငြိမ့်တို့ ဒီလို ပြဇာတ်တို့ဆိုရင် သားအမိသားအဖတွေ အတူတူ ကြည့်ရင်း အတူရယ်နေကြ. အမေသုတ်ကျွေးတဲ့ ပဲလှော်သုတ်တို့ လက်ဖက်သုတ်တို့ကို မောင်လေးနဲ့ ကျမ လုစားနေကြပါ…

အခုလည်း အိမ်ပြန်ရောက်သွားသလိုပဲ ရင်ထဲမှာ နွေးထွေးမှုကို ပြန်ခံစားမိတယ်..

ဒီအတိုင်းနေတော့ .. ကိုယ့် အထီးကျန်တာကို .. မသိသလို မခံစားမိသလိုနဲ့.. တကယ်တော့ အထီးကျန်မှုကို မသိစိတ်နဲ့ ခံစားမိနေပါလားလို့ ကျမ သိလိုက်မိတယ်..

ဘာဖြစ်ဖြစ် .. ဒီနေ့ ခံစားလိုက်ရတဲ့ နွေးထွေးမှုဟာ.. ကျမအတွက်.. တန်ဖိုးမဖြတ်နိင်စရာတွေထဲက တစ်ခုလိုပါပဲ..

ကျမက ခံစားချက်တွေကို စာထဲမှာသာ ထည့်ရေးတာ .. တကယ်ဆို နှုတ်နဲ့ ပြောထွက်ဖို့ ဝန်လေးတတ်တယ်..

ဘာဖြစ်ဖြစ် ဒီပို့စ်လေးနဲ့ ..

“မွှေး” မြန်မာထမင်းဆိုင်က ဆိုင်မိသားစု၊ ခင်မင်ရတဲ့ အစ်ကိုတွေ.. အစ်မတွေ..မောင်လေး..ညီမလေး.. တွေ အားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း မှတ်တမ်းတင်ထားချင်တာပါ..။

နှလုံးသားတွေ နွေးထွေးစေတဲ့ ..အတွက်.. အိမ်တစ်ခုလိုပါပဲ.. ( အမေ့အိမ်မှာ အမေချက်တဲ့ ထမင်းကို

အပြင်က ပြန်လာရင် လက်ဆေးစားရသလို.. ကိုယ်မချက်ပဲ မြန်မာထမင်းဟင်း စားရလို့တာလဲ ပါမှာပေါ့ ..း)

အင်း အမေ့ကို လကုန်မှ လခထဲက ကန်တော့ရသလို .. ဒီအတိုင်း စားပြီး .. ပိုက်ပိုက် မပေးရရင် ပို နွေးထွေးမလားပဲ ..း) .. အဟိ.. နောက်တာပါနော်..း)

ဒီကဗျာလေးကတော့ ကျမ မနှစ်က ရေးဖူးတဲ့ .. အိမ်လွမ်းချင်းလေးတစ်ခုပါ..

http://alwanpyay.blogspot.com/2008/11/blog-post_17.html

ခင်မင်စွာဖြင့်...

အလွမ်းပြေ ( ၁၂.၁၁.၀၉)

Tuesday, November 10, 2009

ကြယ်ကြွေကောက်သူ..


တစ်ပွင့်.. နှစ်ပွင့်…သုံးပွင့်…
ကောင်းကင်ကို မော့ကြည့်ရင်း ကြယ်လေးတွေကို ရေတွက်ကြည့်ရတာ ကျွန်မ ဝါသနာ..
ဆောင်းညချမ်းတွေမှာ ကြည်ရတဲ့ ကြယ်တွေဟာ ချစ်စရာ အကောင်းဆုံးပါပဲ.. ကြယ်ကလေးတွေ ပိုပြီး အရောင်လက်ကြတယ်.. ညတိုင်းလည်း ကြည့်လို့ရတယ်လေ..
စိတ်သိပ်ညစ်တဲ့ အချိန်တွေဆိုရင် အိပ်ရာပေါ်ကနေ ကြယ်တွေကို မေ့ကြည့်ရေတွက်ရင်း.. တဖြေးဖြေး စိတ်ညစ်တာတွေ လွင့်သွားပြီး… အိပ်ပျော်သွားတတ်တယ်..
အိပ်ပျော်မှာပေါ့လေ.. ကလေးဘဝ စိတ်ညစ်စရာ ဆိုတာ .. စားချင်တာမစားရတာ.. သွားချင်တာ မသွားရတာ.. အမေ အဖေနဲ့ စိတ်ကောက်တာလောက်ကိုး..
ဒီနောက်ပိုင်း လူကြီးဘဝ ရောက်လာတော့ .. စိတ်ညစ်ရင် ကောင်းကင်ကို မော့ကြည့်ဖို့တောင် မေ့လျှော့နေတတ်ပြန်ရော..
ဒါပေမယ့် ကျွန်မရဲ့ ကြယ်လေးတွေကို တွေ့ရင် ပျော်လာတတ်တဲ့ စိတ်ကတော့ မပြောင်းလဲ သေးတာ အမှန်ပဲ..
ဟော… ကြယ်လေးတစ်ပွင့် ကြွေသွားပြီ… နှမြောလိုက်တာ.. ကြယ်ကြွေရင် ဆုတောင်းပြည့်တယ် ဆိုတာကို ကျမ ကြယ်ကြွေမြင်တိုင်း မေ့လျှော့ သွားတတ်တယ်..။ ဆုတောင်းရမယ့်အစား နှမြောစိတ်နဲ့ ငေးနေတတ်တာများတာကိုး..
ကြယ်လေးတွေကို ချစ်တယ်.. နောက်.. ချစ်တဲ့ သူကို တွေ့ရင် .. ရင်ခုန်တယ်…
ကြယ်လေးတွေကို တွေ့ရင် ပြုံးလာတတ်သလို.. ချစ်တဲ့သူ အကြောင်းတွေး၇င်.. သူ့အလိုလို ပြုံးလာတတ်တယ်..။ သူများတွေလဲ ဒီလိုပဲ ထင်ပါရဲ့…
ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိသလို.. လောကမှာ လူတစ်ယောက် ချစ်မိတဲ့သူဟာ တစ်ယောက်မက ရှိနိုင်တာပဲပေါ့နော်…
ကောင်းကင်ပေါ်မှာ မြင်ရတဲ့ ကြယ်လေးတိုင်း အရောင် မလက်ကြပါဘူး.. တချို့.. တချို့.. ပဲ အရောင်လက်ကြတာပါ..
ကိုယ့် မျက်လုံးထဲမှာ ပိုပြီးတောက်ပနေတဲ့ ကြယ်လေးတွေကတော့ ကိုယ်နဲ့ ပိုနီးတယ်လို့ ခံစားရသလိုပဲ..
နေ့စဉ်.. လျှောက်နေရတဲ့ ..လမ်းပေါ်မှာ တွေ့ကြုံရတဲ့.. လူတွေ အများကြီးမှာ.. ကိုယ် ချစ်တဲ့သူ .. ကိုယ့်ချစ်သူရမယ့်သူကို တွေ့ရင်.. အများနဲ့ မတူတဲ့ .. ခံစားချက်တစ်ခုခု .. ရင်ထဲမှာ ဖြစ်လာတတ်တာ..
ဒါကို မသိစိတ်လို့ပဲ ခေါ်မလား…
ဒါပေမယ့်လေ..
တကယ်တော့ အရောင်တောက်နေတဲ့ ကြယ်တွေဟာ နီးနီးလေး လို့ ထင်ရပေမယ့်.. လက်လှမ်းမှီနိုင်တဲ့ ကြယ် ဆိုတာ မရှိမှ မရှိတာ..
ဒီလိုပဲ .. မြေပြင်ပေါ်မှာ ဆုံလာတဲ့ မျက်ဝန်းတစ်စုံဟာ ရင်ထဲရောက်လာပေမယ့် .. အနားရောက်လာဖို့ဆိုတာ.. ကြယ်တွေ ဝေးနေသလိုပါပဲ…
ကြယ်လေးတွေ ကြွေသွားခဲ့ရင် အပိုင်းအစတွေအဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာကို ကျလာ သလား… တကယ်လို့ ကျလာခဲ့တယ် ဆိုရင်ရော.. သူ့ကို ချစ်မြတ်နိုးစွာ ငေးကြည့်ဖူးတဲ့ သူတစ်ယောက်ရဲ့ အနီးဆုံး နေရာကို ရောက်လာဖို့ မသေချာသလိုပဲ.. ဆုံလာတဲ့ မျက်ဝန်းပိုင်ရှင် နှစ်ယောက်လုံးရဲ့ ရင်ထဲက ခံစားချက်ချင်း တူခဲ့ရင်တောင်.. ဆုံးဆည်းပေါင်းစပ်နိုင်ဖို့ဆိုတာက...

အဝေးကြီးပဲမို့…

ကိုယ် ချစ်တဲ့သူနဲ့ ဆုံဆည်းခွင့်ဆိုတာက ကြယ်ကြွေစောင့်ပြီး.. ကောက်ရသလိုပါပဲ…


အလွမ်းပြေ ( ၁၁.၁၁.၀၉)

( မျိုးကျော့မြိုင်ရဲ့ အဝေးကြီး သီချင်းအား ခံစား ရေးဖွဲ့ပါသည်)။

Wednesday, November 4, 2009

သခင်သိစေ..


သခင်..
သင့်နှုတ်ခမ်းဖျားမှာ
အပြုံးများ ဖန်တီးခွင့်
ထာဝရ ရချင်တယ်။

ဒီဇင်ဘာရဲ့
ဆောင်းနှင်းဖြူ
ခပ်ပါးပါးလေးလို
သခင့်ရင်ကို
သိမ်သိမ်မွေ့မွေ့လေး
အေးမြပေးချင်ပါတယ်။

သခင့်အပါးမှာ
လိုရာဖြည့်ဆည်းပေးဖို့
ကိုယ်စောင့် နတ်သမီးတစ်ပါး
(တို့) ဖြစ်ခွင့်ရချင်တယ်။

သခင့်အတွက်
ပျော်ရွှင်ခြင်းတွေ
ယူလာပေးဖို့
တေးသွားလေးလို
ခပ်မြမြလေး
လှပနေချင်တယ်။

လွတ်လပ်ခြင်းတွေ
မြတ်နိုးတဲ့
သခင်အတွက်
အတူလွင့်မျောရာ
ညနေခင်းရဲ့
လေပြည်လေးအဖြစ်
သခင့်အပါး ခစားချင်တယ်။

လွမ်းလှပေါ့..
ကြင်နာပါတော့..
ချစ်တဲ့ သခင်ရယ်..။

အလွမ်းပြေ
(၅.၁၁.၀၉)

ကမ္ဘာပျက်ခဲ့ရင်..



ကိုဟန်သစ်က Tag လာတော့ တစ်ကျောင်းထဲသားချင်း မျက်နှာချင်းဆိုင်တွေ့တိုင်း အကြွေးတောင်းခံနေ ရမှာ စိုးတာနဲ့ မြန်မြန်ပဲဆပ်လိုက် ပါတယ် နော်..း) .. ကဲ ဖြေပြီနော်..

၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ။

ဘယ်သူတွေနဲ့ အတူရှိရှိပါ ။ ရှိသင့်တဲ့ လူတွေနဲ့ ရှိနေမှာပေါ့လေ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းဖြစ်မှတော့ ကမ္ဘာပျက်တဲ့နေ့က ရှိပါဦမလား။ ချစ်တဲ့သူတွေအတွက် ရှင်သန်ချိန်မှာ တတ်စွမ်းသလောက်ချစ်ပြခဲ့ပြီးပြီပဲ။သေကာနီးမှတော့ချစ်ပြမနေတော့ဘူးနော်။


(၂)ဘာတွေခံစားနေရမလဲ။

အဲဒီ အချိန်မှတော့ ဘုရားတရားသာ အာရုံပြုနေဖြစ်အောင် ကျိုးစားတော့မယ်။ တစ်ဘဝလုံး ခံစားခဲ့ပြီးပြီပဲ.. တော်ပြီပေါ့။

(၃)ဘာတွေပြင်ဆင်ထားမလဲ။

လူတစ်ယောက် မွေးလာကတည်းက သေရမှာ သိနေတာပဲနော်။ ပြင်ဆင်မယ်ဆို သိတတ်စကတည်းက ပြင်ဆင်နေရမှာပဲ.. ခုမှ ပြင်မှာလား.. “ ဘာအကြွေးမှ မတင်အောင် အသက်ရှင်ဖို့ ကျိုးစားနေပါတယ်၊ အဲဒါ သေဖို့ ပြင်ဆင်တာပါပဲ”။

(၄)ဝမ်းနည်းမိမှာက..
ဝမ်းမနည်းပါဘူးရှင်… သေချာတယ်။ ( ကိုသီဟန်ရေ.. ဒါတော့တူသွားပြီ ထင်တယ်)

(၅)ကြောက်လန့်မိမှာက..
အားလုံးအတူတူ သေပါမယ်ဆိုမှတော့ .. သေဖို့ ကြောက်ရမှာလား.. ဟင့်အင်း.. ။

(၆)ဆောင်ထားချင်တာ..
သတိ .. အသိစိတ်လေးပါ။ သူက အထိန်းရခက်ဆုံး မဟုတ်လား။

(၇)ဘာတွေရေးမိမလဲ..
ကမ္ဘာပျက်ပါတယ်ဆို ..ရေးစရာ မလိုတော့ဘူးလေ..။

(၈)တွေးမိတွေးရာအတွေး..

( မတော်တဆ) ရှင်ကျန်နေမှာကိုတော့ ကြောက်သလိုလိုပဲ..း)


(၉)ဂုဏ်ယူချင်တာက..
(ကျမ အတွက် ကျမ ဂုဏ်ယူရမှာလား) ဂုဏ်ယူရလောက်တာ မရှိသေးဘူးလို့ ထင်တာပဲရှင့်။

(၁၀)ရှာကြံဖြေသိမ့်မိတာက..
ငါ သေဖို့ အသင့်ဖြစ်မယ် ထင်ပါတယ်လေ။

(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း..
အဲချိန်မှာ ဥဒါန်းကျူးနေရဦးမှာလား.. မလို အပ်ဘူးထင်တယ်။

သူငယ်ချင်း ကိုကိုဖရီး ကို လက်ဆင့် ကမ်းချင်ပေမယ့် .. သူက အလုပ်တွေရှုပ် အရှုပ်တွေလုပ် နေတော့ .. အားရင် ရေး ပေးပါ လို့ ပဲ ... ပြောလိုက်မယ်နော်..း)

Tuesday, November 3, 2009

Heinrich Boell Foundation call for M.A. Scholarship Program

Heinrich Boell Foundation, Southeast Asia Regional Office, holds an annual scholarship competition for a small number of students from Myanmar/Burma to study at two Thai premier Universities offering three international Programs specifically designed for younger generation candidates from Myanmar/Burma.

Application forms and entrance qualifications for the international Programs of the respective Universities are available at web links provided below and at HBF Website


http://www.boell-southeastasia.org/web/141.html

The Master of Arts in International Development Studies (MAIDS) Program at Chulalongkorn University's Faculty of Political Science;

http://www.ids.polsci.chula.ac.th/

The Master of Arts in Sustainable Development of the Regional Center for Social Science and Sustainable Development (RCSD) at Chiang Mai University, Faculty of Social Sciences;

http://rcsd.soc.cmu.ac.th/

The International Master of Economics Program of the Faculty of Economics (MEcon) at Chiang Mai University;

http://fuangfah.econ.cmu.ac.th/programs.asp#2



The selection process is highly competitive. Students for the Scholarship Program are selected by both the Foundation and the respective Universities in an open competition.



The Program Coordinator will conduct interviews with interested candidates for the Scholarship Program on December 6th and 7th in Yangon. For further information pls. contact olga@hbfasia.org



PLEASE NOTE:Ms. Olga will leave her position by 31st of December 2009; her emails will be then forwarded to Mr. Rainer Einzenberger (Assistant to the Director). Pls. email any further inquiries after Dec. 2009 to Rainer at rainer@hbfasia.org.

Monday, October 26, 2009

ဘဝ ကို ရှာဖွေ ခြင်း

အား.. အာခေါင်တွေ ခြောက်လိုက်တာ.. ခေါင်းကြီး လေးလေး ကြီး ဖြစ်နေတယ်.. နားထင် နှစ်ဖက်က အရမ်းနာတာပဲ.. တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ထားသလိုပဲ.. ရေသောက်ချင်လိုက်တာ.. ဟားးး….ငါ ဖျားနေပြီလား.. ကိုယ်တွေလဲ ပူနေပြီ.. အာ.. မနက်ကျောင်းသွား မလို့ပါဆိုမှ..

အိပ်ရာဘေးက ရေဘူး နဲ့ ရေခွက် ထည့်ထားတဲ့ ဘန်းလေးကို ဖြေးဖြေးစမ်းကြည့်တာ .. အား.. မရှိပါလား..
အော် မအိပ်ခင် ရေဖြည့်ပြီး နေရာမှာ ပြန် မထားမိပါလား..။ ငါဘယ်မှာ ထားလိုက်ပါလိမ့်.. ရေသန့် ဘူးကြီး နားမှာပေါ့..

အား .. သွားယူရမှာ ဝေးလိုက်တာ.. အခုတော့ အခန်းကျဉ်းလေးက အဝေးကြီးလိုပဲ …
စိတ်ထဲမှာ အမေရေလို့ .. တမ်းတမိတယ်.. မျက်ရည်လဲ ဝဲလာတယ် .. မဖြစ်သေးဘူး ..
တစ်ယောက်တည်းရယ်… ဒီထက်ဖျားလို့ မဖြစ်ဘူး…
ငါ ဆေးသောက်မှ.. နာရီကို စမ်းကြည့်တော့ မနက် ၅ နာရီ .. ဆေးသောက်ဖို့ ..
ကျိုးစားပြီး ကုန်းထရတယ်.. အား တစ်ကိုယ်လုံး နာလိုက်တာ …
မီး ခလုတ် ဆီကို စမ်းသွားပြီး .. ဖွင့်..ရေ ဘူးဆီ သွားပြီး .. ရေကို အငမ်းမရသောက်ချ မိတယ်..
ဆေးဘူးကို ဖွင့် ဆေးရှာ.. မုန့် ဘူးကို ကြည့်တော့ .. မုန့် က ကုန်နေပြီ..
အိုး.. တော်ပါပြီ.. တခြား ဘာမှ မလုပ်နိုင်တော့ဘူး..
တစ်ခါ ဘာမှ မပါပဲ ဆေးသောက်ချလိုက်လို့ အူပေါက်မှာ မဟုတ်ပါဘူး..
ဆေးသောက်ပြီး ပြန် အိပ်မှ .. ချမ်းလိုက်တာ.. စောင်အထူကလဲ .. ဗီဒို အပေါ်ဆုံးမှာ..
ခေါင်းမူးလိုက်တာ.. ခုံ နဲ့ တက်ရမှာ ကြောက်တယ်.. ဗီဒိုထဲက လောင်းကုတ်ကြီးကို ဝတ်ပြီး.. အိပ်မယ်ဟာ.. အနွေးထည်ထပ်ထားတဲ့ အပုံထဲမှာ ရှာမတွေ့ ပြန်ဘူး ..
လူက ငိုချင်လာ ပြီ.. အနားမှာ အဖော်လေး တစ်ယောက်ယောက် ရှိနေရင် ကောင်းမှာပဲ..
ခေါင်းလဲ ပိုမူးလာပြီ… ဒါနဲ့ မြင်တဲ့ အနွေးထည်တွေ ဝတ်ပြီး ပြန်အိပ်ချလိုက်တယ်..
ခေါင်းထဲက နာတဲ့ ဟာကို မခံနိုင်လို့ မြန်မြန် ပြန် အိပ်ပျော်အောင် အိပ်ဆေးပါ သောက်ထားတာကြောင့် .. သိပ်မကြာခင် ပြန် အိပ်ပျော်သွားခဲ့တယ်..။

” ဒေါက်.. ဒေါက်..” .. အား… ဘာ သံပါလိမ့်.. တံခါးခေါက်နေတာပါလား..။
အား သေလိုက်ပါတော့ .. စာသင်မယ့် .. ထိုင်းသူငယ်ချင်းရောက်လာပြီ။
တံခါး ကို ပြေးဖွင့်တော့ သူက ဟ နင် နေမကောင်းဘူးလားတဲ့ .. သူနဲ့ ကျမ အပြန်အလှန် ထိုင်းစာနဲ့ မြန်မာစာ တစ်ယောက်ကို တစ်ယောက် သင်ကြတာလေ..သူက အလုပ်နဲ့ တခြား မြို့ကို ပြောင်းကာနီး နေပြီမို့ .. စာသင်တာ မပျက်စေချင်တာနဲ့ .. နည်းနည်းပါ ရပါတယ်.. ငါတို့ သင်ကြတာပေါ့လို့ ပြောလိုက်တယ်။ တစ်ကယ်တော့ လူက တစ်ကိုယ်လုံးနာပြီး လေးလေးကြီး ဖြစ်နေတုန်းဘဲ ..။ ခေါင်းမူးတာ နဲနဲ သက်သာရုံပဲ ရှိသေးတာ.. ။

ဒီလိုနဲ့ စာသင်ပြီး သူ ပြန်သွားတော့ .. အဝတ်တွေ လျှော် အိမ်မှာပဲ စာ နဲနဲဖတ် .. ဆေးသောက်လိုက် ထပ်အိပ်လိုက်..နဲ့အခုညဆယ်နာရီလောက်မှအဖျားလုံးလုံးကျသွားတော့တယ်။လူကတော့ထိုင်းမှိုင်းနေတုန်းပဲ..။
ကျမကခပ်ပေပေမို့ဖျားတာလောက်ကလမ်းသွားရင်းပျောက်နေကြပါ။ဒီတစ်ခါဖျားတာတော်တော်ခံရခက်တယ်။
ခေါင်းတွေ အရမ်းမူးနေတုန်းက ခုနေများ ငါသေသွားခဲ့ရင် လို့တောင် တွေးမိတယ်..

ကျမ အပါအဝင် လူတော်တော် များများ.. ရှင်သန်ဖို့ .. ကျိုးစားရင်း.. တစ်ခါ တစ်ခါ သေဖို့ အကြောင်းကို မေ့နေကြတယ်..။ တကယ်ပါ.. ။

ရက်တော့ မမှတ်မိတော့ဘူး သတင်းတွေ ဖတ်ရင်း ဆရာ စံဇာဏီဘိုနဲ့ အင်တာဗျူး ဖတ်လိုက်ရတယ်။ ၁၀၁၂ ကမ္ဘာပျက် ကိန်းအကြောင်းတွေပြောသွားတယ်..။ကြားကြားနေတာကြာပြီဒါပေမယ့်အခုပိုစဉ်းစားလာမိသလိုပဲ..

ငါ ကြောက်လားလို့ ကိုယ့် ဘာသာ ပြန်မေးမိတယ်..။ မကြောက်ပါဘူး..။ အားလုံး သေရမယ်ဆိုရင် ကျမ မသေဘူး နေခဲ့ မလားလို့ မေးရင်တောင် မနေချင်ပါဘူး။

ရှင်နေရမှာက ပိုကြောက် စရာ ကောင်းမနေဘူးလားနော်..။ အဲ.. နေမကောင်းတုန်းက ငါများသေသွားမလားလို့ တွေးမိတုန်းကကတော့.. ဟင့်အင်း ငါမသေချင်သေးဘူးလို့ .. စိတ်ထဲက ပြောမိတယ်။ ကျမ မိဘတွေ အတွက် ကျမ စိတ်မချ သေးဘူး..။ နောက် မသေခင် ကျမ အကောင်အထည်ဖော် ချင်တဲ့ စိတ်ကူးလေးတွေလဲ ရှိသေးတယ်.. လို့ တွေးမိတယ်။

ကျမအနေနဲ့ တွေးကြည့်ရင်း သေရမှာ ထက် နေရတာ ပိုခက်သလို ထင်လာရတယ်။ တစ်ချိန် သေရမှာကို လက်မခံနိုင်ရင်၊ တမင် မေ့ထားရင် အဲဒီနေရတဲ့ ဘဝက နေဖို့အပြင် သေဖို့ ပါခက်လိမ့်မယ်လို့ ထင်တယ်။
ဘဝကို ရုန်းကန်နေရတဲ့ သူထဲမှာ ကျမလည်း ပါပါတယ်။ တကယ်ပါ။ ဒါပေမယ့် ကျမက သူတပါးကိုတော့ ကျမဆီက အပျော်တွေပဲ မျှပေးချင်တယ်။ ဒါကြောင့် တစ်ခါတစ်ခါ စိတ် အရမ်း ညစ်နေတဲ့ အခါတွေမှာ ဘလော့ ရေးတာမျိုးကို သူ့ အလိုလို ရပ်ထား မိတယ်။ အကျင့် တစ်ခုလို ဖြစ်နေပြီ။

နောက်တော့လည်း ရုန်းကန်မှုနဲ့ အသားကျလာပြီး၊ ရုန်းကုန်မှု တွေထဲ ပျော်စရာတွေကို ကွဲအောင် ခွဲထုတ်တတ်လာပါတယ်။ စိတ်ညစ်စရာ ၊ ဖြေရှင်းစရာ ၊ ကျိုးစားစရာတွေ ရှိရင် အပီ အပြင် ကျိုးစားလိုက် ပြီးရင် ၅ မိနစ် အေးအေးဆေးဆေး နေလို့ ရမလား အဲဒီ ၅ မိနစ်ကို ပျော်အောင် နေလိုက်တာမျိုးလုပ်တတ်လာပါတယ်။

အဲဒီလို နေတာဟာ ကိုယ့် အတွက်ရော ကိုယ်ပတ်ဝန်းကျင်က လူတွေ အတွက်ပါ ကောင်းတယ် ဆိုတာ ကျမ တွေ့ရှိလာပါတယ်။ တစ်ချိန်လုံး စိတ်ညစ် ညည်းညူးနေရင် မကျေနပ်ချက်တွေ များနေရင် ကမ္ဘာပေါ်မှာ နေစရာ နေရာတောင် ရှိမှာ မဟုတ်ပါဘူး ရှင်။

နောက်တစ်ခုက ဘဝမှာ နားလည်မှုတွေနဲ့ ဟန်ချက်ညီမှုတွေ ရှိဖို့က အရေးအကြီးဆုံးလို့ ကျမ ယူဆမိတယ်။ ဒါပေမယ့် အဲဒါတွေကလဲ တကယ် ခက်ခဲဆုံး အရာတွေလို့လဲ ပြောလို့ရပါတယ်။

ကျမတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အသိုင်းအဝိုင်း၊ အဖွဲ့ အစည်းတွေနဲ့ နေထိုင် နေရတာ မဟုတ်ပါလား။ လူဖြစ်လာမှတော့ လူ့ အသိုင်းအဝိုင်းထဲက ခွဲထွက်ချင်လို့ မှ မရတာ။ အဲဒီတော့ အချင်းချင်း နားလည်မှုတွေ ထားနိုင်မှ လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ အဆင်ပြေ နေပျော်မှာပါ။ လူက ကိုယ်တစ်ယောက်တည်း ကောင်းအောင် ကျိုးစားနေလို့ မဖြစ်ပါဘူး၊ ကိုယ် အသိုင်းအဝိုင်း တစ်ခုလုံး ဟန်ချက် ညီညီ တိုးတက် ကောင်းမွန်လာမှ ကိုယ့် ရဲ့ နေထိုင်ရတဲ့ အခြေအနေကလဲ စိတ်ကျေနပ်စရာ ကောင်းမှာပါ။ ဒါကြောင့်လည်း ဒီနောက်ပိုင်း လူမှုရေး လုပ်ငန်းတွေ ခေတ်စားလာကြတာလို့ ထင်ပါတယ်။ ဒါမျိုးတွေကို လေ့လာထားတဲ့ သီအိုရီတွေ ရှိပေမယ့် ကျမ ရိုးရိုးလေး ပဲ ပြောချင်လို့ ထည့် မပြောတော့ ပါဘူး.. ။ လူတွေဟာ တစ်ဦးချင်း ဖွံ့ဖြိုးမှုကို အရင် လုပ်ကြရပေမယ့် ကိုယ်တစ်ယောက်တည်း တိုးတက်ဖွံ့ဖြိုးနေပြီး အသိုင်းကပါမလာ ဘူးဆိုရင် အလကားသက်သက် ကြီးလို ဖြစ်နေမှာပါ။

ဒါပေမယ့် အရာအားလုံးမှာ အဖြစ်အပျက် အားလုံးမှာ .. တစ်ချိန် သေကြရဦးမယ့် ကျမတို့ ဘဝတွေလိုပဲ Limit တွေ ရှိနေတာပဲမို့ နားလည်မှုနဲ့ ဟန်ချက်ညီမှု (Balance) တွေကို ရှာဖွေရင်း ဖြတ်သန်းနေရတဲ့ လူတစ်ယောက်ရဲ့ ဘဝရှင်သန်မှုက အနုပညာ တစ်ရပ်လိုပါပဲ..

ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ ”A Sketch of Wathone” ဆရာ ဝသုန် ဆုံးတဲ့ နှစ်ပတ်လည်နေပြီး နောက်တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ အတူ ထပ်ကြည့်ခွင့် ကြုံခဲ့ရပါတယ်။ ဆရာရဲ့ ဖန်းတီးမှု အနုပညာ၊ ခံယူချက်တို့ အပြင် ဘဝ နေနည်း အနုပညာကိုပါ ပီပီပြင်ပြင် တွေ့လိုက်ရပါတယ်။

ဆရာက ပြောတယ် ” “ပိုက်ဆံနည်းတာများတာ ပြသာနာ မဟုတ်ဘူးလေ.. လုံလောက်အောင်တော့ နေနိုင်တာပဲ… နောက် ၀ါသနာ ပါတဲ့အလုပ်နဲ့ အသက်ရှင် ရတယ် ဆိုတဲ့ကိစ္စက လွယ်တာမှတ်လို့… တချို့လူတွေ စိတ်မပါဘဲ နဲ့ ထမင်းစားဖို့အတွက်နဲ့ တချို့ အလုပ်တွေ လုပ်နေကြရတာ…” တဲ့..။ ကျမ တို့ရော .. ဘယ်လို အသက်ရှင်နေကြတာပါလဲ။

နောက် ဆရာက ပြောသေးတယ် ဇနီးကလည်း နားလည်တယ်၊ သားသမီးတွေကလည်း နားလည်လို့ သူတို့ မိသားစုမှာ အေးချမ်းမှုတွေ ရောင်ပြန်ဟပ်ကြတယ်တဲ့။ ဆရာပြောသွားတာကတော့ ..မလိမ်ဖို့ပါတဲ့ .. သူများကို လိမ်လို့ရမယ် ကိုယ့်ကိုကိုယ်တော့ လိမ်မရပါဘူးတဲ့။ အဲဒီ မလိမ်တဲ့ စိတ်သန့်တဲ့ အကျိုးက သူ့မိသားစုကိုပါ ရောင်ပြန်ဟတ်ပြီး အပြန်အလှန် အေးအေးချမ်းချမ်း နေဖြစ်ကြပါတယ်တဲ့..။ ဆရာက ” လိပ်ပြာ လှပါစေ” လို့ ပြောသွား ရှာတယ်။

ကျမတို့တွေ .. ၁၀၁၂ မှ မဟုတ်ပါဘူး..။ အချိန် မရွေး သေနိုင်ကြသလို.. မသေခင်လဲ ရှင်သန် နေကြရဦးမှာပဲ။ သေချင်း၊ ရှင်ချင်းက ဘယ်သူမှ ပြောလို့ ဟောလို့ ရတဲ့ အရာ မဟုတ်တော့ ..
ကိုယ့်အတွက်.. ကိုယ့် လူ့အသိုင်းအဝိုင်း အတွက်..
ဘယ်လို နေ ကြမလဲ ..
ဘယ်လို သေ ကြမလဲ ..
အနည်းဆုံး တွေးမိဖို့တော့ လိုပါလိမ့်မယ် ထင်တယ် နော်…။

ကြည့်ချင်တဲ့ သူတွေ အတွက် ဒါရိုက်တာ ကြည်ဖြူရှင်ရဲ့ ”A Sketch of Wathone” ကို YouTube ကနေ (ကျမ သူငယ်ချင်း ကိုဟိန်းရဲ့ FB မှာ Share ထားတာ တွေ့လို့ ) အလွယ်တကူ ကြည့်လို့ ရအောင် ထည့်ပေးလိုက်ပါတယ် ရှင်..








ခင်မင်စွာဖြင့်..

အလွမ်းပြေ ( ၂၇.၁၀.၀၉)

Friday, October 23, 2009

သို့/ မှ - အလွမ်းပြေ

တစ်နေ့က အမလိုသူငယ်ချင်းလိုခင်သူ တစ်ယောက် ဆိုလာသည် လူတိုင်းသည် အနုပညာ ဖန်တီးသူတွေဟု သူမ ထင်သည်။ နေထိုင်မှု လုပ်ကိုင်မှုတိုင်းသည် အနုပညာ ဖန်တီးမှုတစ်ခုလိုပင် ဖြစ်သည် ဟု ဆိုလာသည်။

ကျမ နေထိုင်မှု အနုပညာအကြောင်းကို တွေးမိပါသည်။ အမှန်ပင်...

“ ကျွန်မ တို့ နေစဉ်နေ့တိုင်း ကိုယ့်ဘဝကိုကိုယ် ပုံဖော် ရေးဆွဲ နေကြသော သူများပင် ဖြစ်သည်”။

ကိုယ့်ဘဝကို အမှန်တကယ် ရေးဆွဲနေသူမှာ ကိုယ်တိုင်သာ ဖြစ်သည်။ ကိုယ့်စိတ်က ကိုယ့် အမူအကျင့် တို့ကို ပုံဖော်ပြီး တို့အမူအကျင့်တို့က ကိုယ့်ဘဝပုံရိပ်များအဖြစ်ပုံပေါ်လာဖြင်းပင်။ ပတ်ဝန်းကျင်က ပုံဖော်မှုကို ခံနေရသူဟု မိမိကိုယ်ကို ခံယူသူသည် ကိုယ်ကိုကိုယ်လေးစားမှုမရှိသော လူညံ့တစ်ယောက်ပင်ဖြစ်သည်။ မိမိ၏ ဥာဏ်နည်းမှုကို ဖုန်းကွယ်လိုခြင်းသာ ဖြစ်လိမ့်မည်။

မိမိဘဝ၏ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးသည် ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။ ထို့ကြောင့် ဘာကြောင့် ကံဆိုးရသလဲ၊ ဘာကြောင့် ကံကောင်းရလဲ မေးနေစရာမလိုအပ်ပါ။

“ စိတ်ကြောင့် အလုပ် ဖြစ်ပြီ၊ အလုပ်ကြောင့် ကံ ဖြစ်သည်” ဆိုသည့် သဘောတရားကိုသာ နားလည်ဖို့ လိုပါသည်။

မိမိ အလုပ်တိုင်း၊ အလုပ်တိုင်းသည် မိမိကံ ဖြစ်လာမည်ကို လူတိုင်း သတိလက်မလွတ်ခဲ့လျှင်.. ထိုသူ၏ ဘဝသည် ကောင်းမည်သာ ဖြစ်သည်။

တခါတစ်ရံ ငါ ကောင်းအောင် နေနေတာပဲ။ ဘာလို့ ကံလိုက်ဆိုးနေရတာလဲ ဆိုသော မေးခွန်း ပေါ်လာတတ်သည်။ တော်ပြီ ကောင်းနေလဲ အလကားပါပဲဟု ဖြစ်တတ်သည်။ အမှန်တွေ့ အကြွေးဟောင်းများ ဖြစ်ပါလိမ့်မည်။ ကိုယ့် အလုပ်ဟောင်း ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် စိတ်ပျက်လက်ပျက် ကြွေးသစ်ထပ်မည့် လမ်းဘက်သို့ ပြန်မလှည့် လိုက်ပါနဲ့လို့ သတိပေးချင်ပါသည်။

ထို့ကြောင့်..

“ စိတ်ထားကောင်းလျှင် ကံကောင်းပါသည်”

“စေတနာမှန်လျှင် ကံဖြစ်ပါသည်”

အဓိက အချက်မှာ..

စိတ်ထားမှန်ဖို့ ၊ စေတနာမှန် ဖို့ တော့ “ အထူး” လိုအပ်ပါသည်။

ထို့ကြောင့်..

တကယ် မိမိ“ကံ” ကို ကောင်းအောင် ပြုပြင်ဖို့ မိမိ “စိတ် ကို မလိမ်ညာတမ်း အမှန်တိုင်းသိဖို့ အရင်လိုအပ်ပါသည်။”

စိတ်ကောင်းမှ ဘဝကောင်းနိုင်မှာ ဖြစ်တာကြောင့် ..

ဘဝစာမျက်နှာသစ်များအတွက်....အခြားပိုင်ဆိုင်မှုများထက်..

မိမိ “စိတ်” ကို အရင်ပိုင်ဖို့ ကြိုးစားစေချင်ပါသည်။

မိမိ “ စိတ်” ကို မိမိပိုင်ပြီးဆိုလျှင် အရာအားလုံးကို ပိုင်ဆိုင်သလိုပင်..

ထို့ကြောင့်..

ကံကောင်းဖို့ မိမိလုပ်သည့် အလုပ်တိုင်း စေတနာမှန်နှင် လုပ်တတ်ဖို့ လို့အပ်တာမို့ ..

“ စိတ်ထားမှန်” ဖို့ ကြိုးစားဖို့ လိုပါသည်။

Thursday, October 22, 2009

ကောင်လေးနဲ့ ကောင်မလေး



ကောင်လေးနဲ့ ကောင်မလေး

လက်သူကြွယ်မှ လက်စွပ်ကလေးကို ငုံကြည့်ပြီး ကောင်မလေး တစ်ယောက်တည်း ပြုံးမိသည်။ ကောင်လေးတစ်ယောက် အခုဆိုရင် ဘာတွေများလုပ်နေမလဲ….

တကယ်တော့ နီးတကျက်ကျက် ဝေးတစ်သက်သက် ဆိုတာ ဒါမျိုးပါလားဟု တွေးမိသော်လည်း ကောင်လေးကို သတိရခြင်းများသည် ပူလောင်မှုကင်းလှသည်။

နားလည်မှု၊ စိတ်ချယုံကြည်မှု တွေသည် သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ပေါက်သည့် ပန်းပင်တွေလိုပင် ဘယ်အချိန်က အမြစ်တွယ်နေမှန်း မသိလိုက်.. သေချာတာက ဒါသူအလိုလို ဖြစ်ထွန်းခဲ့သည် ဆိုတာပါပဲ။

ငယ်ငယ်ကပေါ့…

ကောင်လေးက စာငုံ့ရေးနေသော ကောင်မလေး၏ ကျစ်ဆံမြီး ကို မနာအောင် နောက်က ဆွဲလိုက်ပြီး

“ ကဲ ထ မုန့်ဟင်းခါးသွားသောက်ကြမယ်..”

“ငါ စာမပြီးသေးဘူးဟ.. မနက်ဖြန် ထပ်ရမှာ”

“ကျူရှင်မှာလာပြီး ကျောင်းစာ လာလုပ်နေတယ်.. အိမ်မှာ ပြန်လုပ်ဟာ.. ထမလားမထဘူးလား ..မထလို့ကတော့ နော်.. နင်အစား ငါဟိုမဲမဲကြီးကို နင်ပေးခိုင်းတယ်ဆိုပြီး အဖြေသွားပေးလိုက်မှာ.. ဘာမှတ်လဲ ”

“ နင်နော် မမိုက်ရိုင်းနဲ့ ..ငါကြောက်ပါတယ် ဆိုတာ .. နင်က..ငါ့ကို မစောင့်ရှောက်ချင်နေဟာ.. သွားတော့..”

“ကဲ .. နင် သွားမလားမသွားဘူးလား ဆရာ လာတော့မယ်.. သွားမယ်”

စိတ်မရှည် သလိုထွက်သွားသော ကောင်းလေးနောက် ကောင်မလေးက ပြေးလိုက်လာခဲ့သည်..

အပေါက်ဝရောက်တော့ ကောင်လေးက

“ဘယ်မှလဲ ထီး ”

ကောင်မလေးက စပ်ဖြီးဖြီး လုပ်ပြတော့..

“ ရုပ်ကဆိုးရတဲ့အထဲ အသားမဲရင် ကျက်သရေမရှိတဲ့ ရုပ်ကို နေ့တိုင်း မြင်နေရမှာစိုးလို့ ရော့.. ငါ့ထီးဆောင်း” ဆိုပြီး အရှေ့မှ ထွက်သွားသည်..။

ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာ ကောင်မလေးကို သို့လော သို့လော အပြောမခံရစေချင်လို့.. ကောင်မလေး ထီးအောက် ဝင်မဆောင်းခဲ့မှန်း ကောင်မလေး အဲဒီ အချိန်ကတော့ မတွေးမိခဲ့..

“ မုန့်ဟင်းခါး သောက်ချင်ပါတယ် ဆိုမှ ရေလည် ရှာရည်နေတယ်”

“စားတာပါဟာ ..ဘာသောက်တာလဲ..”

ငြင်းနေကျ ထုံးစံအတိုင်း ငြင်းဖြစ်အောင် ငြင်းကြတော့ ဆိုင်ရှင် အဒေါ်ကြီးက ရယ်ပြီး

ရော့ သားလေးကသောက်ပြီး သမီးလေးကစား ဆိုပြီး မုန့်ဟင်းခါး ပန်းကန်တွေ လာချပေးတိုင်း

ကောင်မလေးက နင် သောက်မှာ မဟုတ်လား ဒီအကြော်တွေက စားရမှာလို့ပြောရင်း ကောင်လေး ပန်းကန်းထဲက အကြော်တွေ ဘဲဥတွေ အကုန် သူ့ပန်းကန်ထဲ ခပ်ထည့်..

ကောင်လေးကလည်း ပြန်လုသည်.. သို့သော်.. ကောင်လေး ပြန်လုတိုင်း သူမ ကောင်လေး ပန်းကန်ထဲက ခပ်ယူသမျှရဲ့ တစ်ဝက်လောက်သာ ပြန်ပါသွားတတ်တာ ကောင်မလေးသိပါသည်။

စာမေးပွဲကြောက်သော ကောင်မလေးဖြေသော အခန်းရှေ့တွင် နေ့တိုင်း သူ့စာမေးပွဲခန်းမှ အရင်ထွက်ပြီး ကောင်လေးက ကောင်မလေး ထွက်အလာကို အမြဲစောင့်ပြီး အားပေးတတ်သည်။ သို့သော် အများ မျက်စိနောက်လောက်အောင်တော့ အတူသွား အတူပြန် မလုပ်ခဲ့ပါ။ ဒီလိုနှင့် သူတို့နှစ်ဦး၏ စတိတ်ကျောင်းသား ကျောင်းသူဘဝက ပြီးဆုံးခဲ့သည်။

နွေကျောင်းပိတ်ရက်များ၏ နေ့လည်ခင်း၊ ညနေခင်းများတွင် ကောင်လေးက ကောင်မလေးဆီ ရောက်ရောက်လာတတ်သည်။ ဟိုကပြန်လာသည် ဒီက ပြန်လာသည် အကြောင်းပြရင်း ကောင်မလေးအိမ်တွင် ထမင်း ဝင်တောင်းစားတတ်သေးသည်။ ကောင်မလေး ချက်သော ဟင်းများကို စားရင်း “ ဟား..ဆိုးလိုက်တဲ့ လက်ရာဗျာ၊ ကျွန်တော့တို့ အိမ်က ခိုင်းတဲ့ ကောင်မလေးတောင် ဒီထက်ချက်တတ်သေးတယ်” ဟု ကောင်မလေး ကြားအောင်ပြောသောအခါ ကောင်မလေးက အနားတွင် ရှိတတ်သော အရာများနှင့် ကောက်ပေါက်သည်။ သူ့ထံ ပျံဝဲလာသော အရာများကို ရှောင်ရင်း “ဟဲ့ နင်ထိုးနေတဲ့ အနူလက်သီးဆုတ် ပြီးပြီလား.. သူများသွားမပြနဲ့ ရှက်စရာကောင်းတယ်။ ပြီးရင် ငါ့ကိုပေး နင့်ကို သနားလို့ ငါဝတ်ပေးမယ်။ ငါလို ခပ်ချောချောသန့်သန့် ဝတ်မှ နင့်အသုံးမကျတာ လူမသိတော့မှာ။ သနားလို့ အခွင့်ရေး ပေးတာနော်” ဟု အော်ရင်း ထွက်ပြေးတတ်သေးသည်။

ကောင်လေး ပြန်သွားတိုင်း တိတ်တိတ်လေးထားသွားတတ်သော သူမ ဖတ်ဖို့ စာအုပ်၊ အချည်ထုတ်တွေကို သူမ စာဖတ်တတ်သော စားပွဲလေးပေါ်တွင် တွေ့ရဦးမည်ကိုတော့ ကောင်မလေးက သွားမကြည့်ဘဲ သိပါသည်။

အောင်စာရင်း ထွက်သောနေ့တွင် ကောင်မလေး အိမ်တွင်းအောင်းနေပါတော့သည်..။ ဘယ်သူငယ်ချင်း ဖုန်းဆက် ဖုန်းဆက် အပြင်သွားသည်ဟုပြောသော်လည်း ကောင်လေးကတော့ ကောင်မလေး အိမ်သို့ ဆက်ဆက် ရောက်ခဲ့သည်။

ငူငူလေး ထိုင်နေသော ကောင်မလေးကို “နင်က ဒီ ဂုဏ်ထူးတွေကို ဂုဏ်လို့ ထင်နေတာလား။ နင်အသက်ကြီးမှ အဲဒါ ဂုဏ်မဟုတ်မှန်းသိမယ်။ လုပ်မနေနဲ့ ဒါဝမ်းနည်းစရာ မဟုတ်ဘူး ဟ၊ နောက်ပြီး နင်ကရှာကျွေးရမှာ မဟုတ်ဘူး၊ ငါတို့ ယောင်္ကျားလေးတွေက ရှာကျွေးရမယ့်သူတွေ” လို့ လူကြီးယောင်ယောင် ပြောခဲ့သည်။

ကောင်မလေးက “သူက အများကြီးရတော့ သူများကို လာပြောမှပေါ့၊ အီး … ငါ့ကို လာမခေါ်နဲ့..” ဟု ဆိုကာ.. အိမ်ခန်းထဲ ပြေးဝင်သွားခဲ့သည်။ နောက် တစ်ရက်ကျော် အကြာတွင် အိမ်က လူကြီးမပါပဲ ရန်ကုန်ပြင်ပ ဘယ်မှ မရောက်ဘူးသော ကောင်မလေးရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်သောဆုတောင်းကို ကောင်းလေးက စီစဉ်ပေးခဲ့သည်။ ကောင်မလေး အိမ်က သဘောတူ အောင်လည်း ဗျူဟာတွေသုံးပြီး စီစဉ်ပေးခဲ့တာကိုတော့ ကောင်မလေး အမြဲ သတိရခဲ့သည်။ ထိုနေ့က သိပ်ကို ပျော်နေခဲ့တာကိုး….။

ဒီလိုနဲ့ .. တစ်နေ့ ကောင်လေးက ပြောလာသည်..

“ နင့်ကို ငါ ထိခိုက်အောင်၊ ဝမ်းနည်းအောင် ဘယ်တော့မှ မလုပ်ဘူး၊ လုပ်ခဲ့မိရင်တောင် မဖြစ်မနေ လုပ်ရမှာမို့ အသက်သာဆုံးဖြစ်အောင် လုပ်တာလို့ မှတ်ထားနော်” တဲ့..

ကောင်မလေးက နားမလည် သလို ကြည့်နေသော်လည်း ကောင်လေးက ဘာမှ ဆက်ရှင်း မပြခဲ့ပါ။

နောက်ပိုင်း ကောင်လေးနှင့် ကောင်မလေး အနည်းငယ် အနေဝေးသွားကြသော်လည်း အဆက်သွယ်တော့ ပြတ်မသွားခဲ့တာအမှန်..

ကောင်လေး ဘယ်မှာပဲ ရှိနေရှိနေ.. ကောင်မလေး စိတ်ထဲမှာ နီးနီးလေးလိုသာ ခံစားရတာကို ကောင်မလေးသိပါသည်။

သူငယ်ချင်းများနှင့်ဆိုင်သော အလှူအတန်း၊ လူမှုရေးကိစများ ရှိရင် ကောင်လေးနှင့် ကောင်းမလေးက အတူသွားရမှ ပြည့်စုံသလို ထင်တတ်ကြသည်။ ကောင်မလေး အလှပြင်လာသည့် နေ့များတွင် ကောင်လေးက

“ကံဆိးုတာ ဒီနေ့တော့ မျက်စိရော နားရော ဒုကရောက်ရ တော့ မှာ ပါလား။ အား ကားကလည်းကွာ ခွေးချေးများ တက်နင်းမိလား မသိဘူး နံသကွာ” လို့ သူဘာသာ ရွတ်သလို ပြောလေ့ရှိပြီး ကောင်မလေး က သူ့ကို မျက်လုံးပြူးကြည့်လျှင်..

“လန့် လိုက်တာ ဟာ ။ နင်ကလဲ မိန်းမ မဟုတ်သလိုဘဲ။ မျက်စောင်းမထိုးတတ်ဘူးလား။ ငါသင်ပေးမယ် ဒီလိုထိုး” ဟု မျက်စောင်ထိုး သင်တတ်သေးသည်။

နောက်ပိုင်း ကာလ များတွက်တော့ နှူတ်မှ ဒုကဟု ရေရွတ်တတ်သော်လည်း ခိုးကြည့်တတ်သည့် ကောင်လေးမျက်ဝန်းများ၊ သင်းသင်းလေး မျှသာသော ကောင်မလေး ဆွတ်တတ်သည့် ရေမွေးရနံ့ကိုပင် သတိထားမိတတ်သည့် ကောင်လေးကို ကောင်မလေး သတိပြုမိလာခဲ့သည်။ မျက်စောင်းထိုးခံရတိုင်း ပိုပြုံးသွားတတ်သော ကောင်းလေးရဲ့ အပြုံးတွေအတွက် ကောင်မလေး မျက်စောင်းထိုးတတ်လာခဲ့သော်လည်း ရယ်စရာကောင်းသည်က ကောင်မလေးက မျက်စောင်းသည် ကောင်လေးကိုသာ ထိုးရမည့် အရာလို ထင်မှတ်နေတတ်သည်ပင်..ကောင်လေးနှင့် မတွေ့ရသည့် အချိန်များတွင် မျက်စောင်းဆိုသည့် အရာကို မေ့လျှော့နေသည်အထိပင်။

ကောင်လေးသည် တခြားသော အရွယ်ရောက်ယောင်္ကျားသားများကဲ့သို့ ရင်းနှီးသော မိန်းကလေးများ (အီစီကလီ) ရှိသည်ကို ကောင်မလေးကို အမြဲပြောပြလေ့ရှိသည်။ ကောင်လေး၏ ကိုယ်ချင်းစာစိတ်နှင့် နှမချင်းစာနာစိတ်ကို ကောင်မလေးက သိသလို သူတစ်ပါး နစ်နာအောင် ကောင်လေး ဘယ်တော့မှ မလုပ်ဘူးဆိုတာ သိပါသည်။ ငါသူတစ်ပါး သားသမီးကို မယူနိုင်ဘဲ ရည်းစားစကား မပြောဘူး။ ခြေပါလက်ပါ မလုပ်ဘူး။ သူတို့လည်း ယောင်္ကျားလေးတွေ အကြောင်းလေ့လာချင်လို့ ရင်ရင်းနှီးနှီးလာရောတယ်။ ငါလည်း အဲလိုပဲဟ။ ဒါပေမယ့် နင် စိတ်ချ ငါ ရည်စား ဖြစ်တဲ့ အထိ မရည်ရွယ်ပါဘူးဟု..ပြောလေ့ရှိသော ကောင်လေးကို ကောင်မလေးက အမြဲ ပြုံးပြီး ကြည့်နေတတ်သည်။ ကောင်လေးသည် ကောင်မလေးကို မလိမ်ညာတတ်သူ ဖြစ်သည်ကို ကောင်မလေးက သိပါသည်။

သည်လိုနှင့် ကောင်လေးနှင့် ကောင်မလေး ရေမြေခြား ဝေးရမည့် နေ့တစ်နေ့ ကောင်လေး က ကောင်မလေးဆီ ရောက်လာခဲ့သည်။ နှစ်ယောက်သား အတူ မတိုင်ပင်ဘဲ အတူခြေဦးတည့်ရာ သွားကာ တွေ့ရာ မုန့်တွေ ဝင်စားကြရင်း နေဝင်ချိန်ကို ရောက်လာခဲ့ အထိ..

ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်သည့် အကြိမ်ရေသည် အချိန်နှင့် အမျှ ပိုစိပ်လာတာ ကောင်မလေးရိပ်မိသည်.. သို့သော် ..ကောင်လေး မျက်နှာကို သေချာပြန်ကြည့်နိုင်ဖို့ စွမ်းအားတွေ ကုန်ဆုံးနေသလို ကောင်မလေး ရင်ထဲမှာလည်း နွမ်းလျ နေသည်။

ဒီလိုနှင့် ကောင်မလေး အိမ်ဘက်သို့ ခြေဦးပြန်လှည့် ကြချိန်တွင် ကောင်လေးက ကောင်မလေးလက်ကို မထင်မှတ်ဘဲ ကောက်ကိုင်လိုက်ပြီး အလန့်တကြား ပြန်ကြည့်သော မျက်လုံးဝိုင်းများကို အချိန်ကြာကြာ ငေးကြည့်နေသည်။

ကောင်မလေးနှင့် ကောင်လေး တစ်ဦးကို တစ်ဦး ဆွံ့အစွာ ဘယ်လောက် အချိန်ကြာကြာ ငေးကြည့်နေမိမှန်း ကောင်မလေး မပြောတတ်ပါ။

ကောင်မလေး အသက်ပြန်ဝင်လာသလို ကြောင်ငေးနေရာမှ သတိပြန်ဝင်လာချိန်တွင် သူမ လက်သူကြွယ်တွင် ကောင်လေးစွပ်ပေးသော လက်စွပ်လေး တစ်ကွင်း ရှိနေပြီ။

ကောင်လေးက ကြည့်စမ်း ရုပ်ဆိုးလိုက်တဲ့ ဒီလက်စွပ်ယူသွား ကြားလား။ ဒါမှ သူများတွေက နင့်လက် ရုပ်ဆိုးတာ မသိအောင်။ နင်အရမ်း ချွတ်ထားချင်စိတ်ရှိတဲ့ နေ့မှာ ချွတ်ထားပါ ငါ စိတ်မဆိုးပါဘူး။ ကဲ သွားတော့နော် မိုးချုပ်နေပြီ ။ နင်အိမ်က ခရီး သွားကာနီးမို့ စိတ်ပူနေဦးမယ်။ ဟိုမှာလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကောင်းကောင်းသွား ကြားလားဟု ဆိုပြီး လှည့်ထွက်သွားခဲ့သည်။

ဘာဖြစ်ဖြစ် တစ်ယောက်ရင်ထဲ တစ်ယောက် နားလည်ခံစားနိုင်ကြပါသည်။

ကောင်လေးငယ်ငယ်က ပြောသလို .. “ နင့်ကို ငါ ထိခိုက်အောင်၊ ဝမ်းနည်းအောင် ဘယ်တော့မှ မလုပ်ဘူး၊ လုပ်ခဲ့မိရင်တောင် မဖြစ်မနေ လုပ်ရမှာမို့ အသက်သာဆုံးဖြစ်အောင် လုပ်တာလို့ မှတ်ထားနော်” ဆိုသည့်အတိုင်း ကောင်လေးဟာ.. သူမ နစ်နာ နာကျင်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့တာ အမှန်ပဲမို့ ..

ဒီလက်စွပ်လေးသာ.. ကောင်လေးရင်ထဲက စကားတွေ အသက် တစ်နေ့ ဝင်လာခဲ့ရင် ..

ကောင်လေးက.. နင်တစ်ယောက်တည်း နေရမှာ သနားလို့ဟု

စကားနိုင် လုဦးမှာပဲလို့ ကောင်မလေးတွေးရင်း ပြုံးမိသည်။

ထိုသို့ မဟုတ်ဘဲ..

တစ်ချိန် ဒီလက်စွပ်ကလေး အသက်ဝင်မလာ ခဲ့ရင်တောင်..

ကောင်လေး ရင်ထဲက စကားတွေ .. အသက်ဝင်မလာခဲ့ရင်တောင်..

ကောင်မလေး.. နားလည် နိုင်လိမ့်ဦးမည်… ။

သူတို့နှစ်ဦးကြားမှာ ပျိုးထောင်စရာမလိုသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် နားလည်မှု၊ စိတ်ချယုံကြည်မှု တွေနှင့် အေးမြသည့် ကောင်လေး မေတ္တာကို ကောင်မလေး ယုံကြည် တန်ဖိုးထားသည်..

ကောင်လေးကို သတိရ ရခြင်းသည် ပူလောင်မှု ကင်းသလို.. ကောင်လေး ဘယ်နေရာရှိရှိ သူ့အကြောင်းတွေးလျှင် လုံခြုံမှုကို ခံစားရသည်။

ကောင်လေးသည် ကောင်မလေး မျက်ရည်များကို သန့်စင်စွာ သုတ်ပေးလေ့ ရှိသော ပေးဆပ်သူတစ်ယောက်လည်း ဖြစ်သောကြောင့်ပင်..

ကောင်လေး၏ ရယူခြင်းကင်းသော မွန်မြတ်သောစိတ်၊ ထိန်းချုပ်နိုင်စွမ်းအားကို ကောင်မလေး လေးစားမြတ်နိုးပါသည်။

သူမ လက်သူကြွယ်ရှိ လက်စွပ်လေးကို ထပ်မံ ပွတ်ကြည့်ရင်း .. တစ်ယောက်တည်း ရှင်သန်နေရတဲ့ နေ့တွေမှာ လုံခြုံမှုနဲ့ အားအင်တွေ ပေးလို့ ကျေးဇူးပါကွယ်လို့.. တိုးတိုးလေး ပြောရင်း.. ပြုံးနေသည့် ကောင်မလေးကို ချမ်းစိမ့်သော လေးအေးက လာထိကစားသည်..

အော် တဆောင်းသစ်ခဲ့ပြန်ပြီ…။

အလွမ်းပြေ ( ၂၀. ၁၀. ၂၀၀၉ )

(ဝတ္တုထပ်ရေးပါဦးလို့ အားပေးပြောကြသူတွေကြောင့် တစ်နေ့ နည်းနည်းရေးထားတာလေးကို အခုမှ သတိရပြီး တင်လိုက်တာ..)

စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါကြောင်း..း)

Tuesday, October 13, 2009

ကျွန်မချစ်သော သူမလေး

ကျွန်မရဲ့ သူမလေးဆိုတာကတော့ ကျွန်မရဲ့ ချစ်လှစွာသော တူမလေးပါ..။ ဒီနေ့ လမ်းထိပ်က ကျွန်မနဲ့ ခင်တဲ့ ထိုင်း အဖိုးကြီးနဲ့ အဖွားကြီးတို့ရဲ့ ဆိုင်ကို မရောက်ဖြစ်တာ ကြာပြီမို့ သွားနှုတ်ဆက်ရင်း သူတို့ဆိုင်မှာ မနက်စာ သွားစားတော့ ဆိုင်မှာ လေးငါးနှစ်အရွယ် ကလေးမလေး တစ်ယောက်ကို သူ့ အမေလား အဒေါ်လား( မခွဲတတ်တား) ) တစ်ယောက်နဲ့ အတူတူ ထမင်းစားနေတာ တွေ့တယ်။ ကလေးမလေး ဂျီကျနေတာ ငေးကြည့်ရင်း ကျွန်မ တူမလေးဆီ စိတ်ရောက်သွားတယ်ရှင့်။ ကျွန်မ တူမလေး နာမည်က Anee တဲ့ ။ တူမလေးက အရမ်းချစ်စရာကောင်းပါတယ်။ လိမ္မာရင် သူမတူအောင် လိမ္မာတတ်သလို ဂျီကျပြီလာဆိုရင်တော့ ချော့ဖို့ တကယ်မလွယ်တာ.. အခုတော့ အဝေးရောက်နေတာကြာတော့ သူဂျီကျ တတ်တာလေးတွေကို လွမ်းတတ်နေပါပြီ..

မနက် အိပ်ရာက နိုးရင် သူ ကျောင်းသွားဖို့ အလှပြင်တဲ့ အချိန်က စတာပဲ ။ အိမ်မှာ အဒေါ် သုံးယောက်ရယ် သူ့အမေရယ် လေးယောက်ထဲက သူအာရုံကျ တဲ့ သူကို ရေချိုး အလှပြင် ခိုင်းတတ်ပါတယ်။ သူ အာရုံကျတဲ့ သူက မအားလို့ အချိန်မရလို့ မလုပ်ပေးနိုင်ရင်တော့ လားထား အကောက်ကွေးဇာတ်စတော့တော့တာ... ဒါကြောင့် ကျမက ဖြစ်နိုင်ရင် မနက်ပိုင်း အချိန်ရအောင် အမြဲ သတိထား အလုပ်ပြီးအောင် လုပ်ထားရပါတယ်။ သူ့ အာရုံ ကျမကို ကျ မကျ ကတော့ မှန်းလို့ မတတ်ဘူးလေ။

နောက် သူ ငယ်ငယ်က ထမင်းကျွေးရတာ သိပ်ခက်ပါတယ်။ အဲဒီတော့ ကျမက လူလည်ကျပါတယ်။ သူ့ကို ကျွန်မ ထမင်းကျွေးအလှည့် ဆိုရင် ထမင်းခွန့်တမ်းဆော့ တာပေါ့။ နှစ်ပန်းကန်ပြင် ပြီးရင် အကျီအဟောင်းလဲ သူတစ်လှည့် ကျမ တစ်လှည့် ခွန့်ကြတာပေါ့။ သူ့ကို ထမင်းကျွေးအပြီး ကျွန်မလည်း ရေချိုးရတာ အမြဲ ပါပဲ ..

သူ့ ကို ရေချိုးပေးရင်ရရင်လဲ အဲဒီလိုပဲ .. ကိုယ့်မှာ ခေါင်းပါ လျှော်ရတယ်.. မှတ်ကရောပဲ.. ကလေးဆိုတာ သူတို့ သာရမှ သဘောကျတာကိုး..

အလုပ် အားတဲ့နေ့ သူ့ ကျောင်းပိတ်ရက် တွေဆိုရင်တော့ Barbie series ကြည့်ပြီး ဘဲလေး က ကရပါတယ်။ စိတ်ရှည်လက်ရှည် သူနဲ့ အတူ လိုက်ကရတာ ဝမ်းကွဲ အဒေါ် ကျွန်မရယ် သူ့အဒေါ်အရင်း ညီမလေးရယ်ပါပဲ။ ပင်တိုင် ကရတာက ကျွန်မပေါ့ .. ကရလွန်းလို့ သူ မမူးပဲ ကျွန်မက ခေါင်းမူးလာရင် Anne က နှုတ်ခမ်းစူတတ်သေးတာ နောက် ပြောသေးတယ် ဒေါဒေါ်က သူ့လောက်မတော်ဘူးတဲ့.လေ.း) ကျန်တဲ့ အိမ်မှာ ရှိတဲ့ သူတွေကတော့ ပရိသတ်ပေါ့ ။ သူက ပရိတ်သတ် လက်ခုတ်သံ လည်း လိုချင်သေးတာရှင့်..

ဒီတစ်ခေါက် ပြန်တော့ ရာသီဥတုက ကျွန်မဘက်ပါလာပါတယ်.. ဘဲလေး မကရတော့ ပါဘူး ..ကာရာအိုကေ အတူဆိုလို့ ရပါပြီ.. ' အရှိကို အရှိအတိုင်းသာ ဖွင့်ပြောမည်.. မြင်မြင်ချင်း မင်းကို ချစ်သွားပြီ... တို့ ဘာတို့လေ.. နောက်ပြီ သူ့အကြိုက်က ကျိုးကျာ နဲ့ စင်ဒီ တို့ သီချင်းတွေ .. ။ အင်္ဂလိပ်သီချင်းတွေလည်း ရသေးတာ..

အင်း သူ့အကြောင်းပြောရင် ပြောမကုန်အောင်ပါပဲ.. ပြောရင်းတောင် ပိုသတိရလာတယ်..

ညအိပ်ချိန်ရောက်ရင်လည်း သူအာရုံကျတဲ့ အဒေါ်က သူ့ကို သိပ်ရပါတယ်..။ ကျွန်မ သူ့ကို ဆိုပြနေကျ Good Night ဆိုတဲ့ သီချင်းကို သူက လိုက်ဆိုရင် ကျွန်မ “ဖိုးမူ နားထောင်ပြီး မျက်လုံးမိတ်ထားလေ ဆိုရင် သူက ကျွန်မ မျက်လုံးတွေကိုပါ လာပိတ်ပြီး ဒေါဒေါ်လဲ ပိတ်.. အိပ်ဆိုပြီ အဖော်စပ်တတ်ပါသေးတယ်..

သိပ်ချစ်စရာ ကောင်းတဲ့ သူမလေးပါ..





( အလုပ်တွေများနေတာနဲ့ ဘလော့လေးကို ပြစ်ထားတာ ကြာပြီပေါ့၊ အခုမှ ပြန်စရေးတာ.. အခု ဆားချက်တာတော့ မဟုတ်ရပါဘူး.. တကယ် သတိရသွားပြီး ဒီနေ့ ပိုလွမ်းနေလို့ ရေးလိုက်တာပါနော်..)




ခင်မင်စွာဖြင့်

အလွမ်းပြေ







Monday, August 31, 2009

ကိုယ်အနားမှာ..

ကျမ ချင်းမိုင်ကို ပြန်မလာခင် အချစ်ဆုံး ငယ်သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့ ငယ်ငယ်က သူငယ်ချင်းအဖွဲ့လိုက် ထိုင်တတ်တဲ့ အအေးဆိုင်လေးမှာ နှစ်ယောက်သား ထိုင်မိကြတယ်။ အဲဒီနေ့ ညနေမှာ အရင်တုန်းက ဘဝလေး ပြန်ရောက်သွားသလိုပဲ။ ကျမဖုန်းကို သူဆက်တော့ ကျမက အဲဒီအအေးဆိုင်လေးနဲ့ နီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ ညနေစာစားတော့မလို့ ပြင်နေတုန်း သူက မြန်မြန်စားပြီးလာခဲ့ဟာ အရင်တုန်းကလိုပဲ ဆိုက်ကျဲရိုးကို ခေါင်းခန်းက တံခါးမပိတ်ဘဲ စီးခဲ့ ဒါဆို ငါနင့်ကို လာမကြိုတော့ဘူးနော်တဲ့။

အဲဒီညနေမှာ သူနဲ့ကျမ စကားတွေ အများကြီးပြောဖြစ်ကြတယ်။ အေးချမ်းတဲ့ သူငယ်ချင်းရဲ့ ရင့်ကျက်မှုတွေနဲ့ ပေါင်းထားတဲ့ စကားတွေ။ အရွန်းဖောက်တတ်တဲ့ သူရဲ့ ရယ်စရာ ဟာသတွေနဲ့ ငယ်ငယ်ကဘဝလေးဆီကို ကျမတို့နှစ်ယောက် ပြန်ရောက်သွားသလိုပါ။ ငယ်ငယ်က အနောက်သန်တဲ့ သူငယ်ချင်းက အခုတော့လည်း ဘဝအကြောင်းတွေ အလေးအနက် ပြောလို့..။ ငယ်ငယ်က ဒီကောင်ကြီးလာရင် စီးပွားရေးဆန်ပြီး အိမ်ကြောက်ရတဲ့ကောင်လေးဖြစ်မလားလို့ ကျမတို့တွေးမိတဲ့ သူက မတွေ့ဖြစ်တဲ့ နှစ်တွေမှာ အခုတော့ အတ္တပရ မျှတအောင် တွေးပြီး ကိုယ်ပိုင်ရပ်တည်မှုတွေနဲ့ ရင့်ကျက်လာသူတစ်ယောက် ဖြစ်လို့။

ငယ်ငယ်က ကျူရှင်ကအပြန်ဆို သနပ်ခါး ပါးကွက်ကျား အကြီးကြီးလိမ်းတတ်တဲ့ ကျမကိုနောက်ပြီး“အရူးမ သနပ်ခါးလေးလှအောင်လိမ်းပြီး ဆောက်ကြောင့်ထိုင်တယ်” ဆိုပြီးနောက်တတ်တာ တစ်နေ့ သူတို့သီချင်းအော်ဆိုတဲ့အချိန် လမ်းထိပ်က အရူးမကြီး ကြားသွားပြီး ငါမရူးဘူးဆိုပြီး လိုက်လို့ ပြေးတာတွေ ..သူက ပြန်ပြောပြီး ရယ်တယ်လေ။

ကျမလည်း သူနဲ့ အားပါးတရ လိုက်ရယ်မိတော့ .. သူက ..အေး အဲဒီလို လုပ်ပါဟ..
နင်အခု ပြန်ရတော့မယ်နော်.. ငါနင့်ကို ပြောမယ်.. နင်အချစ်တွေ ပျော်ရွှင်စရာတွေကို အကြီးကြီးတွေ လိုက်မရှာပါနဲ့ဟာ..။တကယ်တော့ နင့်အနားမှာ ရှိနေတဲ့ နင်အကြီးကြီးလို့ မထင်တဲ့ သေးသေးလေးတွေ အများကြီး ရှိပါတယ်။အဲဒါကို မြင်အောင်ကြည့်ပြီး ပျော်အောင်နေနော်.. ကြားလား..ငါမှာတာ မမေ့နဲ့..တဲ့..။ ကိုယ်သတိမထားမိတဲ့ ကိုယ့်အနားက မတောင်းပဲ ရနေတဲ့ အချစ်တွေ.. ကိုယ်သတိမထားမိလိုက်တဲ့ ပျော်စရာတွေကို မြင်အောင်ပြန်ကြည့်… မြင်လာရင် နင်ပျော်ရွှင်လာမှာပါ။ဘာဖြစ်ဖြစ် ငါကတော့ နင့်ကို ယုံတယ်…နင်လုပ်နိုင်ပါတယ်တဲ့။

ကျမကိုသူပြန်လိုက်ပို့ပြီးတော့ သူပြန်တာတောင် ကားပြူတင်းကနေခေါင်းထုတ်ပြီး ဟေ့ကောင် အိုခေနော်! အနားက အချစ်ဆိုတာတွေကို မမေ့နဲ့..မြင်ပြီဆိုရင် ငါ့ကိုပြန်ပြောနော်ဦး ဆိုပြီး ထပ်မှာလို့..

ကျမကလည်း အေးပါ ရှေ့နေသား မိချောင်းမင်းရယ် သွားမှာသာ သွားပါတော့လို့ဆိုပြီး ပြန်အော်ပြောခဲ့ရပါသေးတယ်။

ကျမ သူပြောတာကို အခု မှ ပြန်တွေးကြည့်ပြီး အနားက ပျော်ရွှင်မှုတွေ ချစ်ချင်းမေတ္တာတွေကို ပိုခံစားမိလာပါတယ်။ နောက်လူတွေကို ပိုချစ်တတ်လာသလိုပဲ..

ဒါကြောင့် ကျမ သူပြောတဲ့ အချစ်ဆိုတာတွေကို ပြန်ပြီးရေတွက် ကြည့်မိတယ်…